ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိသော ခါကာဘိုရာဇီရေခဲတောင်အနီးတစ်ဝိုက်ရှိ ကျောက်ဆောင်ကျောက် ကမ်းပါးများတွင် အုံစွဲလေ့ရှိသော ပျားရိုင်းများ၏ ပျားအုံများမှ ထွက်ရှိသော ဆေးဖက်ဝင်ပျားရည် တစ်မျိုးဖြစ်သည်။ ခါကာဘိုရာဇီရေခဲတောင်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရဝမ်တိုင်းရင်းသားများသည် မိမိတို့ ဘိုးဘွားစဉ်ဆက်က ပိုင်ဆိုင်ခဲ့သော မိမိတို့ပိုင်ရာ ကျောက် ဆောင် ကျောက်ကမ်းပါးများတွင် အုံစွဲသော ပျားအုံများမှ ပျားရည်များကို ခက်ခက်ခဲခဲတက်၍ ပျားရည်ရရှိအောင် ဖွပ်ကြရသည်။ တစ်နှစ်လျှင် တစ်ကြိမ် မေလနှင့် ဇွန်လပိုင်းတွင်သာ ဖွပ်ကြရသည်။
ထိုမှရရှိလာသော ပျားရည်သည် သဘာဝပျား၊ ပန်းခင်းများတွင် လွှတ်ထားသော ပျားများ၏ ပျားရည်များကဲ့သို့မဟုတ် ဘဲ Gas ထွက်သဖြင့် ပျားဖွပ်သူများသည် မိရိုးဖလာနည်းအတိုင်း မီးဖိုတွင် အပူပေးကြရသည်။ ခါကာဘိုရာဇီရေခဲတောင်အနီးရှိ နောင်မွန်းမြို့ကျေးရွာမှ ပျားဖွပ်သူ တိုင်းရင်း သားများသည် ပျားဆွဲသည့် ကျောက်ဆောင်ကျောက်ကမ်းပါးများသို့ ရောက်ရှိရန်အတွက် ခြေကျင် ဖြင့်သာ စုဖွဲ့သွားရောက်ကြရပြီး လမ်းတွင် အသွားအပြန် နှစ်လခန့်ကြာမြင့်လေ့ရှိသည်။ ပျားဖွပ် ပြီးနောက် ရရှိလာသော ပျားရည်များကို ကိုယ်စီပလိုင်းကြီးများဖြင့် သယ်ဆောင်လာခဲ့ကြရပြီး ယခင်က နောင်မွန်မြို့မှတစ်ဆင့် ပူတာအိုမြို့သို့ သွားရောက်၍ ရရှိလာသော ပျားရည်များ ရောင်းချ ကြရာတွင် ဈေးကောင်း မရရှိကြခြင်း၊ လမ်းခရီးခက်ခဲခြင်းတို့ကြောင့် ပျားဖွပ်သူ တိုင်းရင်းသားများ အတွက် ဝင်ငွေရရှိမှု အလွန်နည်းပါးခဲ့ကြသည်။
ကချင်ပြည်နယ်တွင်းမှ MSME လုပ်ငန်းရှင်အချို့က ၎င်းမြို့များသို့ ကိုယ်တိုင်သွားရောက်ပြီး တိုင်းရင်းသားများအားလုံး၏ ရရှိလာသောပျားရည်များကို ပုံးပြတ်စုပေါင်း ဝယ်ယူပေးကြ၍ တိုင်းရင်းသားများကလည်း ဈေးကောင်းရရှိသဖြင့် ဝင်ငွေရရှိမှု ကောင်းမွန်ကြသည်။ ကချင် ပြည်နယ်တွင်းမှ လုပ်ငန်းရှင်များသည် အဆိုပါ ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါး ပျားရည်များကို မိမိတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ပုလင်းများဖြင့် ပြန်လည်ရောင်းချကြရာတွင် လည်း ဆေးဖက်ဝင် ပျားရည်များဖြစ်သဖြင့် လူကြိုက်များ ရောင်းအားကောင်းကြသည်။ အဆိုပါ ပျားရည်အား တရုတ်နိုင်ငံဘက်မှလည်း လွန်စွာကြိုက်နှစ်သက် ဝယ်ယူခဲ့ကြသည်။ ပျားရည် ပုလင်း အသေး (၁) ပုလင်းလျှင် ပြည်တွင်းတွင် (၃၀၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်အတွင်း ရောင်းချကြပြီး အကြီး (၁) ပုလင်းလျှင် (၁) သိန်းဝန်းကျင်ခန့် ရောင်းချကြသည်။ ခါကာဘိုရာဇီပျားရည် (သို့မဟုတ်) ကျောက်ကမ်းပါးပျားရည်သည် တစ်နှစ်လျှင်တစ်ကြိမ်သာရရှိသော ရှားပါးဆေးဖက်ဝင် ပျားရည် ဖြစ်သဖြင့် ပြည်တွင်းတွင်ဈေးကောင်းရရှိသည်သာမက ပြည်ပနိုင်ငံများတွင်လည်း ဈေးကွက် ကောင်းမွန်စွာရရှိနိုင်သော ပျားရည်ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး